Sunday, June 23, 2013

တုံ့ လှယ်မှုများ


မိုးရေစက်ကလေးတွေကို
မိုးပန်းကလေးတွေက
ကျေးဇူးစကားဆိုတော့
မိုးစက်ကလေးတွေကလည်း
အလှအပနဲ့ ရနံ့ များပေးဝေကြတဲ့
မိုးပန်းကလေးတွေကို
ကျေးဇူးတင်ကြတယ်။

သစ်ပင်ကလေးတွေက
ကမ္ဘာမြေပြင်ကို ကျေးဇူးစကားဆိုတော့
ကမ္ဘာမြေပြင်ကလည်း
သစ်ပင်ကလေးတွေကြောင့်
သူ့ တစ်ကိုယ်လုံးအေးမြ
ငြိမ်းချမ်းနေရတာပါလို့ 
ကျေးဇူးစကားဆိုပြန်တယ်။
တုံ့ လှယ်ကျေးဇူး
အထူးသိကြ၊ ဤလောက၀ယ်
လှပစိုပြည်၊ စိမ်းလန်းဝေလျှက်
ဤမြေ၊ ဤရေ၊ လေ၊ နေ သင့်မျှ
ချမ်းမြကြည်သာ ရှိလိမ့်တကား။


 ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

တမ်းတတယ်မေ


လွမ်းမောတမ်းတ သောကရင်မှာ
နှစ်လွှာအသည်း ဆွေးမြေ့လောင်ကျွမ်း
ကျွမ်းပစေလေ ရင်ဝယ်နှစ်ခြိုက်
နှုတ်ဆိတ်လွမ်းမော သောကရက်ရှည်
တမ်းတတယ်မေ ။

ပူလောင်သောက လွမ်းတသသနဲ့ 
ဖွင့်ဟမပြော နွမ်းမောဆူးစိုက်
နှစ်ခြိုက်ကျေနပ် ရုန်းထွက်လွတ်မြောက်
မကြိုးစားချင် ။

တမ်းတခြင်းဟာ ရင်မှာမြတ်နိုး
သောကတောဝယ် ကြွေပစေလေ
အသည်းတွေလည်း…………
ကွယ် - - - - - တမ်းတတယ်မေ - - - - ။ ။
ခိုင်လင်း(မေဃ၀တီ)
မေ ၊ ၁၈ ၊ ၂၀၁၀

ကျွန်တော့် မျက်လုံး သူ့ အဆုံးအဖြတ်


ကျွန်တော့်အသက်နှစ်ဆယ်ခန့် က
မျက်လုံးထဲမြင်တဲ့အတိုင်းပြောတော့
"မင်းအမြင် နည်းနည်း တိမ်းချော်နေတယ်တဲ့"။

ကျွန်တော့်အသက် ငါးဆယ်ကျော်မှအမြင်အတိုင်း
ပြောတော့ သူက "မင်းအမြင်တည့်သွားပြီး" တဲ့။

တကယ်ဆို...........
ဒီပုံကိုကြည့်တာ
တစ်ဘ၀ထဲမှာ နှစ်ခါ
ဘယ်အမြင်ဟာ အမှန်ဖြစ်နိုင်မလဲ။ ။

ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

ဘ၀ရဲ့နှောင်ကြိုး


+ သောက ရပ်ဝန်းထဲက
ချစ်ကြိုးတွေကို ဖြတ်တောက်
လွတ်မြောက်ချင်ပေမယ့်
ငါ့နှလုံးသားမှာ
သံယောဇဉ်တွေ တရစ်ပြီး တရစ်
ရစ်ပတ်နှောင်ဖွဲ့ 
အို ပြေးမထွက်ရဲပါ ။
+ ငါ့အတ္တဟာ
ငါ့ရင်ကို ပြန်လောင်ကျွမ်း
မိုးလိုရွာနေတဲ့ အနမ်းတွေလည်း
သက်မဲ့တခုလို ရင်မှာခံစား
လောင်ကျွမ်းသွားတဲ့ နှလုံးသားအစုံကို
ကြေကွဲစွာ ငေးကြည့်နေမိတယ် ။
+ အထပ်ထပ် လွှမ်းခြုံခံထားရတဲ့သောကတွေကြားက
အတ္တတွေ တခုပြီး တခုမွေးဖွား
သံယောဇဉ်တွေနဲ့  ယက်လုပ်ထားတဲ့
ဒီ အတ္တတွေဟာ
ခါးသက်တဲ့ဘ၀အတွက်
ထွက်မပြေးရဲတဲ့
ဘ၀ရဲ့ နှောင်ကြိုးတွေပါလေ ။ ။
၁၃ ၊ ၈ ၊ ၁၁
(၃၈)နှစ်ပြည့် အမှတ်တရ ရေးဖွဲ့ ခြင်း
ခိုင်လင်း(မေဃ၀တီ)

ခရီးသည်ကြီးများ


ဥာဏ်ပညာနည်းတော့
ခန္ဓာလဲပြီး ကံကြမ္မာကြွေးဆပ်
ဘေးအထပ်ထပ်နှင့်အရပ်ရပ်စုံစွာ
ဘုံဓမ္မတာသဘောနဲ့ 
ကြုံရာဆုံရာမျှောခဲ့ကြသံသရာခရီး
ရန်ဘယာ (အို နာ သေ ဘေး)ဆီးလည်း
အကြံဟာမပြီးသေးသမို့ 
ခရီးဝေးသို့ နှင်ကြဦး။

အရူးထလိုက်ပုံများ
နှစ်ဦးနှစ်ဝအဖော်တွေနဲ့ 
ပျော်နေခဲ့ အသီးသီး။
သည်ခရီး သည်လိုနှင်တော့
ဘယ်အကြော့ဘယ်လိုလျင်
တကယ်ကိုပင်ကူးသော်လည်း
အရူးအဖော် အတွဲတွေပါသမို့ 
အထူးပျော်တဏှာရယ်ဆင့်လောင်း။
သင့်အကြောင်း သင်မသိ
မမြင်မိ "လေးသစ္စာ"
"မြေးချစ်တာ" တွေပါပေါင်းလိုက်တော့
အကြောင်းဆိုက်ခဲ့ ရန်ဘယာထောင်း
(ဒီမလေ...) မကောင်းလိုက်တဲ့သံသရာအကြောင်း။ ။
 

မြေးချစ်ဘိုးဘွားများသို့ 
 


ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

မြစ်ဖျားခံရာ


ကဗျာရင်ခွင်မှာ
ကဗျာနို့ ချိုကို သဲကြီးမဲကြီး သောက်စို့ ရင်း
ဟိုးအဝေးက စကားပြေ အချိုရည်ပြင်းရှရှ
တစ်ကျိုက်မျှ သောက်ချင်မိ
လက်ရှိဘ၀က အချိန်မိုးခေါင်လေတော့
ရင်ဘတ်ထဲက တောင်းဆိုမှု လေထုထဲမျောပါ။

အချိန်ဒီရေ ပြန်မတက် အခက်နှင့်ကြုံနေစဉ်
ရင်ထဲက ဝေဒနာထု ကဗျာမှုပြုမိပြန်
ကဗျာဥာဏ် ရှင်သန်မှု နည်းလေတော့
စုတ်ဖွာဖွာ အနားသတ်နဲ့ 
ပြားချပ်ချပ်စကောတစ်ချပ်လို
ထမင်းခြောက်ပဲ လှမ်းလို့ ရတော့မပေါ့
ဆန်ပြာလို့  ဖွဲထွက်မည်မဟုတ်။
တကုတ်ကုတ်
ရေးထုတ်တဲ့ ကျုပ်ကဗျာ
စင်တော်မတင်လည်း
ရင်ထဲက မြစ်ဖျားခံရင်
ရင်ထဲကို စီးဆင်းလိမ့်
တသိမ့်သိမ့်ရင်မှာမျှော် ပျော်မိပါရဲ့ ။ ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

Friday, June 21, 2013

အလံဖြူနှင့် လူ


လေပူနေပူ မွှေခဲ့ပေမယ့်
ဒီတစ်နွေတော့ ကျော်ခဲ့ပြီ။
ဒီတစ်မိုးအရောက် စနိုးစနောင့်ဖြစ်နေတုန်း
ဝုန်းဝုန်းဒိုင်းဒိုင်း မုတ်သုံရိုင်းမွှေ
အခြေယိုင်တဲ့အိမ်တွေ အနိစ္စရောက်
နောက်ကဘာတွေလဲ တဝေါဝေါနဲ့ 
ဒေဝေါဆိုတာ လာပြန်ပလား

ဟုတ်ပ....မြင်းရိုင်းစီးတဲ့မိုး
နွားသိုးကြိုးပြတ်နေပေါ့။
ကသောကမြော အိမ်အပြန်
မခံသာအောင် နားပူနားဆာ
မယားမူယာက စကားနဲ့ ချောက်
အမိုးပေါက်တာ ဖာရမတဲ့။
မိုးကုန်တော့ ဆောင်းအ၀င်
ခတောင်းပြင် လုပ်ခွင်ပြောင်း
ညရေးကောင်းလဲ မအိပ်သာ
လသာပေမယ့် ဗိုင်းငင်စရာမရှိ
မိုးရွာတုန်းကလည်း ရေမခံနိုင်ခဲ့
ဒီလိုနဲ့  ဒီလိုနဲ့ ရာသီတွေလှည့်ပြောင်း
ခေါင်းတစ်လုံး ဖြူခဲ့ပြီ။ ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။