Tuesday, July 2, 2013

ဆန်ကောထဲက ဇီးဖြူသီးသုံးလုံး


ကျွန်တော်တို့ သုံးယောက်ထဲမှာ ကျောင်းဆရာ ကိုမင်းသူကအရပ်အမြင့်ဆုံး။ ကျွန်တော်နှင့်ကိုသိန်းလွင် ကအရပ်ပုကြသည်။ အ၀ဆုံးကတော့ ကိုသိန်းလွင်။ အပုဆုံးကလည်း ကိုသိန်းလွင်။ အချမ်းသာဆုံးကလည်း ကိုသိန်းလွင်။ သူကမိဘရင်းက ချမ်းသာသည့်အပြင် သူ့ ကိုမွေးစားသော ဒေါ်ကြီးကလည်း ချမ်းသာသည်။ မိရင်းဖရင်း နှင့်မွေးစားမိဘ နှစ်ဦးစလုံးမှာက ဒီသား တစ်ယောက်တည်းရှိသည်။ နှစ်ဦးစလုံးကပင် သူ့ ကိုချစ်ကြ အလိုလိုက်ကြသည်။ ကျွန်တော်တို့ သုံးယောက်စလုံးမှာ ဆယ်တန်းမှာ သံသရာလည်နေကြသူတွေဖြစ်သည်။
ကိုမင်းသူမိဘက ဆင်းရဲ၍ ရေခဲချောင်းရောင်းပြီး ကျောင်းတက်ရာမှ ဆယ်တန်း(ခ)စာရင်းနှင့်အောင်၍ ကျောင်းဆရာဝင်လုပ်နေရသည်။ ဆယ်တန်း(က)နှင့်အောင်ပြီး ပညာရေးဆုံးခန်းတိုင်ရန် မျှော်မှန်းကာ ဆယ်တန်းဆက်ဖြေသော်လည်း (ခ)နှင့်ပင်ပြန်ပါနေ၏။
ကိုသိန်းလွင်ကတော့မျက်စိအားနည်းသူ မျက်မှန်ထူထူတပ်ထားရသူဖြစ်ပြီး ဆယ်တန်းဖြေခါနီးတိုင်းဆိုသလို မျက်စိဝေဒနာနှင့် စာမကျက်နိုင်။ ဆယ်တန်းသံသရာလည်နေဆဲ။
ကျွန်တော်ကတော့ ကိုယ်ထူကိုယ်ထ၊ ကိုယ့်ဒူးကိုယ်ချွန်သမားဖြစ်၍ ဆယ်တန်းဖြေခါနီးတိုင်း အလုပ်ရှုပ်ခါ စာကျက်ချိန်မရ။ တစ်ဘာသာကျ၊ နှစ်ဘာသာကျ နှင့်ဆယ်တန်းသံသရာလည်နေ၏။
သည်သုံးယောက်ထဲမှာ ပထမဦးဆုံး ဆယ်တန်းသံသရာမှ လွတ်မြောက်၍ ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်သင်နိုင်သူမှာ ကိုသိန်းလွင်ပင်ဖြစ်၏။ သူကျောင်းပြီးသည့်တိုင် ကိုမင်းသူနှင့် ကျွန်တော့်မှာ ဆယ်တန်းသံသရာမှ မလွတ်မြောက်ကြသေး။
ကျွန်တော်တို့ သုံးယောက်ထဲမှာတော့သူက ကံအကောင်းဆုံး။ သူ့ ကိုအားကျနေရသည်။ မိဘကလည်း ချမ်းသာကြ၍ ကျောင်းပြီးသည်နှင့် ဌာနကြီးတစ်ခုမှာ အလုပ်ရသည်။ သူဝါသနာ ပါရာ ဂီတလိုက်စားရန်လည်း ထိုဌာနကြီးမှာ ဂီတ၀ိုင်းအသင့်ရှိနေသည်။
တလောကလုံးနှင့်မယှဉ်လိုပေမယ့် ကျွန်တော်တို့ သုံးယောက် ထဲမှာတော့ သူကပန်းခင်းလမ်းကို လျှောက်နေရသူ။ ကံအကောင်းဆုံး။
ကိုမင်းသူမှာလည်း မိအို၊ ဖအိုများနှင့် ညီငယ် ညီမငယ် တို့ ကိုထောက်ပံ့နေရသော မူလတန်းပြ ကျောင်းဆရာလေးဖြစ်သည်။ ပဲခူးမြို့ နယ် တွင်းရှိ အရပ်ရပ်သို့ လှည့်လည် ပြောင်းနေရသူ။ သို့ သော်ဆယ်တန်းဆက်ဖြေရန် အခွင့်အလမ်းများကတော့ ကျွန်တော့်ထက်သာသည်။ ကျွန်တော်ကတော့ ရှပ်ဆိုင်တစ်ဆိုင်နှင့် ဘ၀ကို ရုန်းကန်လှုပ်ရှားနေသူ။ ကျောင်းစာနှင့် မန်ီးစပ်သောအလုပ်မို့ ကျောင်းကိစ္စများ ဆောင်ရွက်ရန် အခက်ကြုံနေရသည်။ ၀ါသနာပါသောစာပေအတွက် စာဖတ် စာရေးရန် ပင်အခက်အခဲများစွာရှိလေသည်။ သုံးယောက်ထဲမှာ အဆင်းရဲဆုံးကတော့ကျွန်တော်။ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ သုံးယောက်စလုံးသည်ဆန်ကောဟောင်းကြီးတစ်ခုထဲ ထည့်လှိမ့်ခံနေရသော လောကဓံရဲ့ လူးလှိမ့်ခြင်းကိုခံနေရသူများပင်။ ဘယ်လိုပင်လှိမ့်လှိမ့် သုံးယောက်စလုံးက လူလွတ်များဖြစ်ကြ၍ သားကျွေးမှု၊ မယားကျွေးမှုတွေ မရှိသည်ကတစ်ကြောင်း၊ အရွယ်တွေကလည်း ငယ်ကြသေးသည်မို့ ပျော်ပျော်ပင်နေတတ်ကြပါသည်။ သုံးယောက်စလုံးပင် စာပေ၀ါသနာပါရာ၌ တူညီနေကြသောကြောင့် ဆုံကြပြီဆိုရင် စာပေအကြောင်း၊ ရုပ်ရှင်၊ ဂီတအကြောင်းစုံအောင်ပြောဆိုဆွေးနွေးခြင်းဖြင့် အချိန်ကုန်ခဲ့ကြရသည်။
တစ်ချို့ ညများကျွန်တော့်ရှပ်ဆိုင်ကလေးအနီးရှိ ဗားဒံပင်ရိပ်မှာ ထိုင်ခုံများချပြီး ဂီတ၀ိုင်းလေး ဖွဲ့ ဖြစ်သည်လည်း ရှိ၏။ ကိုမင်းသူနှင့် ကျွန်တော်ကအဆိုသမား၊ ကိုသိန်းလွင်ကမယ်ဒလင်အတီးကောင်းသူ။ ကျွန်တော်တို့ နှုတ်ဖျားမှာ တဖွဖွ ဆိုနေကျ။ သီချင်းတွေကတော့ ကိုတင်လှိုင်၊ ကိုသန်းလှိုင်၊ စန္ဒယားချစ်ဆွေ၊ စန္ဒယားထွန်းညွန့် ၊ စန္ဒယားလှထွဋ်၊ ကိုကျော်ညွန့် ၊ ကျော်ဇောလေး၊ သန်းဖေလေး၊ မျိုးမြင့်လေး၊ မြန်မာ့အသံမှ လွှင့်တတ်သော သီချင်းများဖြစ်သည်။
ကိုယ်ပိုင်ခံစားမှုများနှင့် တိုက်ဆိုင်၍ဆိုသည်လည်းပါ၊ သီချင်းကြိုက်၍ဆိုသည်လည်းပါပါ၏။
ကျွန်တော်တို့ သုံးယောက်စလုံး ရင်တွင်းဖြစ် ဇာတ်လမ်းလေးတွေလည်း ဟိုတစ်စ၊ သည်တစ်စရှိကြသည်။ ထိုခံစားချက်ကိုယ်စီဖြင့် ဝေဒနာခြေရာဆန့် ခြင်းသဘောလည်းပါ ဂီတ၀ါသနာကလည်း ကြီးကြသူများဖြစ်၍ သံစဉ်များထဲမှာ ဝေဒနာများကို မျှောချလိုက်ကြသည်။ ရင်မှာပေါ့ပါးသွားကြသည်။
နည်းနည်းညဥ့်နက်လာပြီဆိုရင်တော့ စာပေဆွေးနွေးဝိုင်းလေးဖြစ်လာတတ်သည်။ ဆွေးနွေးရင်းအချိန်တွေတဖြည်းဖြည်းကုန်ကာမနက်လေးနာရီလောက်မှလူချင်းခွဲတတ်ကြသည်။
တရေးတမောအိပ်ပြီး မိုးလင်းကြရသည်။ ညတိုင်းမဟုတ်ပေမယ့် သုံးယောက်ဆုံသည့်အခါတစ်ညတစ်လေဖြစ်၏။
သုံးယောက်ပေါင်းလောင်းကျော် ဆိုသောစကားနှင့် ကိုက်လေမလားမသိ။
တစ်ခါက………………
တပို့ တွဲလပြည့်နေ့ နှင့်ကြုံသဖြင့် ဓမ္မသိုက်ဘုရားသို့ ကျွန်တော်တို့ ရောက်ခဲ့ကြသည်။ ဆွမ်းတော်ကြီးတင်၊ ဆွမ်းကြီးလောင်းပွဲရှိလေရာ ဘုရားပတ်ဝန်းကျင်ရှိ ရွာများမှ သူ့ ရွာ သူ့ မဏ္ဍပ်ထိုးကာအကျွေးအမွေးများပါရှိကြလေသည်။
ဆွမ်းကြီးလောင်းရာတွင် ဘုရားကိုဝိုင်းပတ်ပြီး သံဃာတော်များကကြွ၍ လောင်းသူများကစောင့်နေကြသည်။ သံဃာတော်များ အသုံးအဆောင်မျိုးစုံနှင့် ဆွမ်းဆန်များပါလောင်းသည်။ ဆွမ်းကြီးလောင်းပြီးသောအခါ လက်ကျန်ဆန်လေးများကို ဆန်ပန်းပေါက်ပေါက်ကျဲသည်ဆိုကာ မိမိကျဲလိုသူကို ဆန်ပန်းများဖြင့်ကျဲပက်ကြလေသည်။ ထိုဓလေ့အရ ကျွန်တော်တို့ သုံးယောက်လည်းလိုက်၍ ကျဲကြရာ ကိုမင်းသူက မမြသွေးဆိုသော ထုံကြီးမြို့ သူလေးနှင့်ငြိသည်။ ကျွန်တော်က ဖြူဖြူချောချော ချမ်းသာကုန်းရွာသူလေးနှင့်ငြိသည်။ သူ့ ကိုတော့နာမည်မမေးဘဲ ဖြူချော ဟုနာမည်ပေးထားကြသည်။ ကိုသိန်းလွင်ကတော့ အသားညိုညိုဘုရား ငုတ်တိုသူလေးနှင့်ငြိသည်။ ထိုမိန်းကလေးကို ညိုချော ဟုနာမည်ပေးထားသည်။ သူတို့ လေးတွေကလည်း ကျွန်တော်တို့ ကိုဖော်ရွေ ပျူငှာစွာနှင့် သူတို့ ရွာ မဏ္ဍပ်များကို ဖိတ်ကြသည်။ ကျွန်တော်တို့ ကလည်းသူတို့ မောင်ဘွားတွေ့ ရှေ့ မှာမို့ က္ကိနြေ္ဒနှင့်။
သူတို့ မောင်ဘွားတွေကလည်း ကျွန်တော်တို့ ရဲ့ မွန်မွန်ရည်ရည်ရှိသော ပုံပန်းများကို နှစ်လိုဟန်ပြုကာ ကျောင်းနေဖက်သူငယ်ချင်းများထင်ကာ ဖိတ်ခေါ်ဧည့်ဝတ်ပြုကြသည်။ ညဘက်ရောက်တော့လည်း ပွဲဈေးတန်းမှာ သူတို့ ကဧည့်ခံလိုက်၊ ကျွန်တော်တို့ ကကျွေးမွေးလိုက်၊ သူငယ်ချင်းတွေလိုလို၊ ချစ်သူစုံတွဲတွေလိုလို နှင့် ဟပ်ဖီး လေးတွေဖြစ်ကာပျော်ကြရသည်။ ဘ၀တစ်သက်တာတွင် မမေ့နိုင်စရာများပါပဲ။ ကျွန်တော်တို့ သုံးယောက်စလုံးမှာတူညီသောစိတ်ထား တူညီသောဆန္ဒရှိကြသည်။
မိန်းကလေးများကပိုးပန်းရာတွင်
(၁)လက်ထပ်ရန် လိုအပ်လျှင်လက်ထပ်နိုင်သူဖြစ်ရမည်။
(၂)ချစ်သူအပေါ်အခွင့်ကောင်းမယူရ။
(၃)စိတ်နှလုံး ထိခိုက်အောင် မလုပ်ရ။
(၄)အရှက်တကွဲ အကျိုးနည်း မဖြစ်စေရ။
(၅)မိမိဘက်က စတင်သစ္စာမဖောက်ရ။
စသည့်သစ္စာထားမှုများဖြစ်ပါသည်။ ကျွန်တော်နှင့် ကိုမင်းသူက ရည်းစားများသည်။ ကိုသိန်းလွင်ကတော့ လက်ငါးချောင်းမပြည့်။ ကျွန်တော်တို့ မှာ မိန်းကလေးများကို ချစ်သာချစ်တတ်ကြသည်။ လက်ကလေးပင်နွေးအောင် မကိုက်ဖူး။ ပါးကလေးကိုဖွဖွမနမ်းဖူး။ အသက်တွေ ကတော့ နှစ်ဆယ်ကျော်တွေ၊ ချစ်သူကိုပြောလိုရာပြောသည်။ စာဖြင့်ဖွဲ့ သည်။ သည်လို အတွေ့ အကြုံသာရှိကြသည်။ကျွန်တော်တို့ သည် မမြသွေး၊ ဖြူချော၊ ညိုချော တည်းဟူသော ချစ်သူများကို သွားရောက်တွေ့ လိုသော စိတ်များရှိကြသော်လည်း မသွားဖြစ်ကြပေ။ တစ်ယောက်ကိုတစ်ယောက်နောက်ပြောင်ပြောဆိုခြင်းဖြင့်သာ ကျေနပ်နေကြသည်။ ဖြူချောတို့ ရွာ သွားကြရအောင်ကွာ  ညိုချောဆီတောင် မသွားတော့ဘူးလား  မမြသွေးကတော့မျှော်နေမှာဘဲ စသည်ဖြင့်စကားစကြသည်။ ပြီးတော့ လွမ်းစိတ်တွေကို ရယ်မောခြင်းဖြင့် အတူ မျှောချလိုက်ပြန်သည်။
နောက်နှစ်ဘုရားပွဲများတွင် သွားရောက်ကြသော်လည်း ဖြူချော၊ ညိုချော၊ မမြသွေးတို့ နှင့်မတွေ့ ရတော့။ ဓမ္မသိုက်မှာဥစ္စာစောင့်မလေးများပေါသည်ဟု ကြားဖူးထားရာ လူ့ လောကထဲခဏ၀င်လာသော ဥစ္စာစောင့်မလေးတွေများ ဖြစ်နေကြရော့လား ဟု သံသယစိတ်များပင် ဖြစ်ရတော့၏။ ဟုတ်တော့ မဟုတ်တန်ရာ၊ လူ့ ဘ၀ဆိုတာကလည်း တစ်ချိန်နှင့်တစ်ချိန် အခြေအနေပေးမှုခြင်း တူကြသည်မှမဟုတ်ဘဲလေ။ကိုမင်းသူကတော့ ဆယ်တန်း(က)နှင့်အောင်၍ စာပေးစာယူဖြင့် ပညာရေးခရီးဆက်နိုင်ပြီ။ကျွန်တော်ကတော့ဆယ်တန်းသံသရာလည်ရင်း     ကျောင်းဆရာပေါက်စဖြစ်လာ
သည်။ ဘ၀ချင်းနီးစပ်သူ မိဘမဲ့မိန်းကလေးတစ်ယောက်နှင့် ဘ၀ချင်းပေါင်းစပ်ကာ အချစ်အိမ်ကလေးတည်ဆောက်လိုက်ကြသည်။
ကျွန်တော်တို့ အချစ်အိမ်ကလေးမှာ ကိုမင်းသူနှင့်ကိုသိန်းလွင်တို့ ကြုံရာ ဆုံရာစကားဝိုင်း ဖွဲ့ ရင်း လက်ဖက်ရည်ကြမ်းဝိုင်းလေး တည်ခဲ့ကြသည်။ မယ်ဒလင်သံလေးနှင့် ငြိမ့်ခဲ့ကြသည်။ မောင်မျိုးတင့်၏ ကြင်နာသောချစ်ရသူရယ်ကွယ်  ငယ်ချစ်ဟောင်းနှင့်စောင်းအိုရှင်  စသည့်သီချင်းလေး များဖြင့် ဝေစည်ခဲ့ကြ သည်။ ငွေကြေး ဆင်းရဲသော်လည်း စိတ်မဆင်းရဲကြသောဇနီးမောင်နှံမှာ ကျွန်တော်တို့ ပင်။သို့ သော်………..ရင်သွေးရတနာ ဟူသော သားသမီးတို့ ရလာသဖြင့် ရုန်းရ ကန်ရဖြင့် စိတ်မောလူမောမပြည့်စုံသောဘ၀မှ ခွဲထွက်ကာမိမိဘာသာကျောင်းပြီးလိုက်ရတော့၏။ ကျွန်တော့် ထိုသို့ ရုန်းကန်နေစဉ် အတွင်း ကိုမင်းသူကတော့ ကျောင်းပြီးသွားသည်။ ကျွန်တော်သည် သူငယ်ချင်းသုံးယောက်အနက် ဘ၀ကံ အညံ့ဆုံးဖြစ်၍နေသည်။ ကံအကောင်းဆုံးက ကိုသိန်းလွင်၊ ဒုတိယကံအကောင်းဆုံးက ကိုမင်းသူ၊ တတိယကတော့ကျွန်တော်။ နောက်မှာ ဘယ်သူမှမရှိကြတော့ပေ။
မိမိဘ၀ မိမိတော်တော်ပင်အားမရ။ ကြိုးစားသမျှ အရာမထင်။ ဘ၀ခရီးပင်မဆက်ချင်တော့လောက်အောင် စိတ်ဓါတ်ကျသွားသည်။တခြားတခြားသောသူများကိုထည့်စဉ်းစားခြင်းမဟုတ်။သူငယ်ချင်းသုံးယောက်တည်း
သာ ယှဉ်ကြည့်ခြင်းဖြစ်သည်။သို့ သော်မမြင်နိုင်သော ကံတရားတို့ က ၀င်ရောက်အဆုံးအဖြတ်ပေးပုံမှာ ဆန်းကျယ်လှတော့သည်။ ကိုသိန်းလွင်တစ်ယောက် မျက်စိမှုန်ပြီး လမ်းပင်ကောင်းကောင်းလျှောက်၍ မရခြင်း။ ကျွန်တော့်ဆိုင်ကိုလာရာ ဆိုင်ကျော်၍သွား၏။အသက်သုံးဆယ်ခန့် လူငယ်တစ်ယောက်၏ မျက်စိမှုန်ခြင်းမှာ သာမန်မဟုတ်တော့။ နောက်ပိုင်းတွင် အလုပ်မှ ခွင့် ရက်ရှည် ယူကာ ဆေးကုသခံယူရသည်အထိဖြစ်လာသည်။
ကျွန်တော့်မှာလည်း သူတို့ နှင့်ဝေးရမည့်အခြေအနေဖြစ်လာ၏။ စာပေကိစ္စနှင့် ရန်ကုန်သို့ ရွှေ့ ပြောင်းခဲ့ရသည်။ သူတို့ နှစ်ယောက် နယ်မှာကျန်နေခဲ့ပေမဲ့ သူ့ အကြောင်းနှင့်သူ သိပ်မဆုံဖြစ်ကြ။ ကိုမင်းသူမှာ ပဲခူးမြို့ နယ်တ၀ိုက် ကျောင်းဆရာအဖြစ်လှည့်ပြောင်းရင်း ကြုံရာဆုံရာ လူငယ်များနှင့် ယစ်ရွှေရည်မှီဝဲရာ ကြုံရာဆုံရာ အမြည်းများကိုစားသောက်မိ၏။ အထူးသဖြင့်မြွေသားများ စားမိရာမှ ကိုယ်ရေပြားရောဂါဆန်ဆန် ဖြစ်လာ၏။ သူငယ်ချင်းများကိုပင်အတွေ့ မခံတော့။
ကိုသိန်းလွင် ကလည်း မျက်စိအခြေအနေ ပို၍ ဆိုးလာ၏။ မိဘများကငွေကုန်ခံ ကုသသော်လည်း မထူးခြား။ ကျွန်တော်ပဲခူးဘက်သို့ ကိစ္စတစ်ခုနှင့်အသွား ကိုသိန်းလွင်ကိုဝင်တွေ့ သေး၏။ ကျွန်တော့်အသံကို ကြား၍ ကျွန်တော်မှန်းသိသော်လည်း  ကျွန်တော့်ကိုမမြင်တော့။ အလင်းအမှောင်လောက်ပဲ သိတော့သည်တဲ့။ စိတ်ဓါတ်ကျကျနှင့် ခွေခွေလေးလှဲနေသော သူငယ်ချင်းကိုကြည့်ပြီး ရင်ထဲမှာ ထိခိုက်လှသည်။ ကိုမင်းသူ သတင်းစုံစမ်းသောအခါတွင်လည်း မည်သူ့ ကိုမှအတွေ့ မခံ၊ အခြေအနေမကောင်းဟု သိရသည်။ သူငယ်ချင်း နှစ်ယောက်အတွက် စိတ်ထိခိုက်ရသည်မှာ ရန်ကုန်ရောက်ပြီးတစ်လ နှစ်လကြာသည့်တိုင်မပျောက်။ ဖျောက်၍မရ။
ကိုယ့်ထက်ကံကောင်းသည်ဟုတွက်ထားသော သူငယ်ချင်းနှစ်ယောက်စလုံး ကိုယ့်ထက် ကံဆိုးနေသည်ကို မကြားရက်၊ မမြင်ရက်။ ဖြစ်ချင်းဖြစ်ရင် ငါလို ဆယ်တန်းမအောင်တဲ့အကောင်၊ ဆင်းရဲတဲ့ကောင်ဖြစ်လိုက်စမ်းပါလား။ သူတို့ ဘ၀လေးတွေ သာယာပြီလို့ တွက်ပြီးကာမှ သည်လိုတွေဖြစ်ရတာ နာလိုက်တာ ဟုရင်ထဲမှာအောက်မေ့မိ၏။ ဘာဘဲဖြစ်ဖြစ် သူတို့ ကျမ်းမာရေးကောင်းလာကြပါစေ ကိုမင်းသူကလည်း မိအို ဖအိုများနှင့် တစ်အိမ်လုံးက အားကိုးနေရတဲ့သူ။ သူ့ ဘ၀က ကျောင်းလည်းပြီး အလုပ်ကလည်း လက်ကိုင်ရှိပြီးသား။ ကိုသိန်းလွင်ကျတော့လည်း ဘွဲ့ ရပြီး အလုပ်လက်ကိုင်နဲ့ ။  ပြီးတော့……..မိဘတွေကလည်းချမ်းသာကြ။ သူ့ အတွက်တိုက်တို့ ၊ ကားတို့ အပြင် လူသုံးပစ္စည်းတွေက အစုံအလင်။ ဘာမှလိုလေသေးမရှိ။ အကောင်းတကာ့ အကောင်းတွေဖြစ်ပါလျှက် ကျမ်းမာရေးကဖောက်သည်။ ဘ၀ဆိုသည်မှာ တစ်ဘက်ကပြည့်စုံပြီး တစ်ဘက်က လိုအပ်ချက်တွေ ရှိနေတတ်တာကလား။ထိုအတွေးများဝင်နေစဉ် ကာလမှာပင် ကိုမင်းသူ ကွယ်လွန်ကြောင်း သတင်းစာမှာဖတ်ရ၏။ နောက်များမကြာမီ ကိုသိန်းလွင်ဆုံးကြောင်းသတင်းရ၏။ ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်၍သွား၏။ လွင်တီးခေါင်မှာ လမ်းလျှောက်နေရသူလိုဖြစ်နေ၏။
အင်း………ကံအဆိုးဆုံး ငါ့အတွက် လုပ်စရာ ရှိတာတွေဆက်လုပ်ဖို့  ကံတရားက ခွင့်ပြုထားတုန်းပါလား ……….သုံးယောက်ယှဉ်လိုက်ရင် ကံတရားက ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားပါပေါ့လား…..
စိတ်ထိခိုက်ရသည့်ကြားမှပင်………… ကံတရားအကြောင်းတွေးမိ၏။
သူငယ်ချင်းတို့ ရေ…….မသေသေးလို့ ပြုနေရတဲ့ကုသိုလ်ကောင်းမှုအားလုံး မင်းတို့ ကို အမျှ….အမျှ….အမျှ ပေးဝေတယ် ရောက်ရာဘ၀က သာဓုခေါ်ကြပါတော့ ……။ တရားအတွေး တရားအသိ ရှိသည့်ကြားမှ အမျှပေးဝေရင်း ကျွန်တော့်နှလုံးသားမြေမှာ မျက်ရည်မိုးတွေ စွေရပါသတည်း။

၆-၁၀-၂၀၀၄                     



No comments:

Post a Comment