Wednesday, June 26, 2013

ဝတ္ထုထဲကအဖေ အဖေထဲက၀တ္ထု

ရင်ကိုလှုပ်ခါစေခဲ့သော ဖြစ်ရပ်လေးတစ်ခုက ကိုထက်၏                  ကတ်ကြေးကိုင်သော  လက်များကို ကလောင်(ဘောလ်ပင်) ကိုင်စေခဲ့သည်။
သူတို့ လင်မယားဆိုင်သို့ ရောက်လာချိန်မှာ ကော်ဖီမစ်ပူပူလေး တစ်ခွက်သောက်မည်ဟု စိတ်ကူးဖြင့် ဂတ်(စ်)မီးဖိုမှာ ရေနွေးတည်ရင်းစောင့်ဆိုင်းနေစဉ်ဖြစ်သည်။ အမျိုးသမီးမျက်နှာက ညိုပုတ်ပုတ်နှင့် သူ့ ယောင်္ကျားကို မလွန်ဆန်ရဲ၍ ပေကပ်ကပ် လိုက်လာရပုံမျိုးဖြစ်သည်။ ယောင်္ကျားမျက်နှာကတော့ အေးစက်သောမျက်နှာဖြင့် တစ်ခုခုကို သွေးအေးအေးလုပ်တော့မည့်ပုံမျိုး
“အကို ဆံပင်ညှပ်မလို့ …..ရမလား”
ဟုလှမ်းမေးလိုက်ချိန်မှာ သူခံတွင်းမှ လွင့်ထွက်လာသောရစ်ရွှေရည်နံ့ ကို ရသည်။
“ဟုတ်ကဲ့……ရပါတယ်၊ ခင်ဗျားညှပ်မှာလား……”
“မဟုတ်ဘူး၊ သူညှပ်မှာပါ၊ ဒိုင်ယာနာကေ…………”
“ဟာ …..ဆံပင်ရှည်တွေ နှမျောစရာကြီး………….”
“ကိုခဲ၊ မလုပ်နဲ့ နော်……..သူများဘာလုပ်လို့ လဲ……..”
အမျိုးသမီးက လက်ကာ၍ ငြင်းဆန်နေ၏။ ငိုမလိုဟန်လည်းပြင်နေသည်။ သို့ သော်လူကတော့ ခုံပေါ်ရောက်နေပါပြီ။ ကိုထက်သူတို့ နှစ်ယောက်အခြေအနေကို သိလိုက်ရသည်။ အမျိုးသားက အမျိုးသမီးကို မကျေနပ်ချက်တခုခုကြောင့် ဆံရှည်မှ ဆံတိုညှပ်ပစ်မည့်သဘော။သူတို့ လင်မယားကို ကိုထက်ရင်းရင်းနှီးနှီးသိထားသည်။ နှစ်ယောက်စလုံးကိုခင်သည်။ ကိုထက်က မသိမသာ ကြားဝင်မိသည်။
“ကာယကံရှင်စိတ်ချမ်းသာမှ ညှပ်ပါရစေဗျာ”
“အို …..ရပါတယ်အကိုရာ၊ ကျွန်တော်မိန်းမ ကျွန်တော်ပိုင်တယ်……"ဟုဆိုကာတစ်ခုခုကိုလိုက်ရှာနေသည်။
"အကို မညှပ်ရင်ကျွန်တော်ညှပ်မယ်………ကတ်ကြေးမရှိလို့ ကွာ”
ကိုထက်က ကတ်ကြေးတွေ သော့ခတ်သိမ်းထားသည်မို့ အပြင်မှာရှာမရ။ သူရှာနေသည်မှာ ကတ်ကြေး၊ အမျိုးသမီးက ကိုထက်ကိုအသနားခံသလိုကြည့်သည်။ ဘာဖြစ်လာမှန်းအတိအကျမသိဘဲ ဘာမှမပြောတတ်။ သို့ သော် အမျိုးသားပုံက ဇွတ်လုပ်မည့်ပုံပေါ်နေသည်။ ကိုထက် မညှပ်ပေးလျှင် တခုခု လုပ်တော့မလိုဖြစ်နေသည်။ အခြေအနေပိုဆိုးကုန်မည်ဆိုးသဖြင့် သော့ယူကာကြိယာများသိမ်းသော အံဆွဲကို ဖွင့်ပေးပြီး လက်ကတ်ကြေးတစ်လက် ထုတ်ပေးလိုက်မိ၏၊
“အကို……….ဒိုင်ယာနာကေညှပ်ရင် ဘယ်နားလောက်ကဖြတ်ရမှာလဲ”
ကိုထက်ဂုတ်နားကို လက်ဖြင့်ပြလိုက်၏။ သူကလျှင်မြန်စွာ ဖြတ်ချလိုက်သည်။ အမျိုးသမီးမှာ အားမတန်၍ မာန်လျှော့ရသလိုပုံနှင့် ငြိမ်နေလိုက်သည်။
“ကဲ…………….ကတ်ကြေးပေးဗျာ………..ညှပ်မယ်”
ကိုထက်က ကပ်ကြေးတောင်းတော့ သူကမပေး။
“အို……….ခေါင်းတုံးရိပ်ပြီး သီလရှင်ဝတ်ပေးဦးမယ်”
ပြောပြောဆိုဆို ရွှတ်ခနဲ ညှပ်လိုက်သဖြင့် ထိပ်ကွက်ကြီးဖြစ်သွားတော့တယ်။ ကိုထက် ဘာမှမပြောသာတော့။ အမျိုးသမီးမျက်ရည်ဝဲ၍ သာနေရပါ၏။
“အမှတ်တရဖြစ်တာပေါ့………..ခေါင်းတုံးကြည့်ပြီး နောင်တရအောင်လို့ လေ”
ကိုထက် သူညှပ်နေပုံကိုကြည့်ပြီး
“ကဲ…….ညှပ်တာတော့ညှပ်ပေါ့……နားရွက်ထိမိဦးမယ်……….”
ဟုသတိပေးရ၏။
တောင်ကျော်၊ မြောက်ကျော် ညှပ်ပြီးချိန်မှာ
“ကဲ………….ခေါင်းတုံးရိပ်တော့………”ဟု သူကပြောသည်နှင့် ကိုထက် မော်တာ ခေါ် လျှပ်စစ်ကတ်ကြေးဖြင့် စ၍ အပြောင်ထိုးရလေတော့သည်။
ကိုထက်သည်မော်တာထိုးရင်း အမျိုးသားပြောသည့်စကားကို ကြားနေရ၏။
“သူဖောက်နေတာကြာပြီ၊ သားသမီးလေးတွေ မျက်နှာထောက်ပြီး သီးခံနေတာ၊ အမှန်တကယ်ပြောရရင် ကျွန်တော်မိန်းမ ကျွန်တော်ချစ်တယ်၊ မပြတ်နိုင်ဘူး၊ အဲဒါထက် သားသမီးလေးတွေကိုပိုချစ်ရတယ်၊ ဒါကြောင့်သူ့ ကို ကျွန်တော် အမျိုးမျိုး နားချပါတယ်၊ သူနားမထောင်ဘူး။”
သူတို့ အဖြစ်ကို ကိုထက်သဘောပေါက်လိုက်ပြီ၊ သူက သူ့ မိန်းမမည်သူ မည်သူများနဲ့ အဘယ်ကာလများက တွဲခဲ့ပုံများကို ဆက်လက်ပြောဆိုလေသည်။ ကိုထက်ကမူ အချုပ်သဘောကို သိလိုက်ပြီမို့  ဆက်ပြီးစိတ်မ၀င်စားတော့ပဲ…………သူ့ ရဲ့ ဖခင်စိတ်ဓါတ်ကိုသာ စိတ်ထဲမှ ဂုဏ်ပြုချီးကျူးနေမိပါတော့သည်။
ထိုအဖြစ်မျိုးကို ဆရာဦးရန်အောင် ရေးသောဝတ္တုတစ်ပုဒ်ငယ်စဉ်က ဖတ်ခဲ့ရဖူးပါသည်။ ၀တ္ထုတိုဖြစ်သည်။ ခေါင်းစီးက အဖေ။ ဆရာဦးရန်အောင်၏အဖေ၀တ္ထုတိုလေးသည် ကိုထက်ဘ၀ကို သြဇာလွှမ်းခဲ့ပါသည်။
ထိုဝတ္ထုလေးမှာ မိခင်ဖြစ်သူက တစ်ခြားယောင်္ကျားနဲ့ ဖေါက်ပြန်သည်။ ဖခင်ဖြစ်သူက ဘေးအပြောကိုမယုံကြည်သဖြင့် ကိုယ်တိုင်စုံစမ်းသည်။ လက်ပူးလက်ကြပ်မိသောအခါ ရှူးရှူးဒိုင်းဒိုင်း မလုပ်ပဲ မိန်းမကို ကြိတ်၍ဆုံးမ၏။ မရ။ လင်မယားချင်းကွဲကွာလိုက်ပါကလည်း သမီးလေးတွေချည့် မွေးထားသူမို့  သူတို့ ကလေးတွေရဲ့ နောင်ရေးကိုတွေးပြီး လူသိမခံချင်သည်ရော၊ မိခင်ရဲ့ အုပ်ထိန်းမှု၊ ရင်ငွေ့ များကို ကင်းကွာမည်ကိုပါ တွေးမိ၍ မကွာဘဲအတူနေခဲ့လေ၏။ တစ်ယောက်နှင့် တစ်ယောက်ပြောစရာရှိလျှင် သမီးများမှတဆင့်ပြောစေရ၏။ ဘေးအမြင်မှာတော့ သူတို့ လင်မယားပေါင်းသင်းနေလေဟန်ရှိ၏။ ဤသို့ နှင့် မိန်းမဖြစ်သူ အလျင်ဆုံးပါးသွားလေ၏။ သမီးများနှင့် ဖခင်ကြီးကျန်ခဲ့ရပြီး သည်အဖေပင် မိဘနှစ်ပါးစလုံး၏ တာဝန်များကိုယူခဲ့ရလေသည်။ တနေ့ ဖခင်ကြီး မကျန်းမမာဖြစ်ချိန်၌ သမီးအကြီးဆုံးက ညီမများကို သူတို့ အဖေ မိဘမေတ္တာကြီးမားပုံကို ပြောပြရင်း ဇာတ်လမ်းဖွဲ့ ထားလေသည်။ ထိုဇာတ်လမ်းလေး သည် ကိုထက် ရင်ထဲမှာ ယနေ့ တိုင်မထွက်။ လင်မယားအဆင့်၌ ကွဲမည်ဟုကြံမိတိုင်း ထိုဇာတ်လမ်းလေးထဲမှ ဖခင်ကြီး၏ စိတ်ဓါတ်ကို သတိရစေပါသည်။
ကိုထက် တို့ လင်မယား အဆင်မပြေကြသည်မှာ အိမ်ထောင်စကျကတည်းက ဖြစ်ပါသည်။ ကိုထက်သည် ပဲနွယ်ကုန်းမှ ပဲခူး အမှတ်(၁)အ.ထ.က သို့ ကျောင်းလာတက်ရသူမို့  ပဲနွယ်ကုန်းအဆက်ဖြစ်သောသူတို့ အိမ်       မှာတည်း၍ ပညာသင်ခဲ့ရသည်။ သည်မှ       ရင်းနှီးမှုရခဲ့ခြင်း။
တိုတိုပြောရလျှင် ကိုထက်ဆယ်တန်းနှစ်နှစ်ကျပြီး ကျောင်းမှထွက်ရကာ ဆံသဆိုင်လေးဖွင့်ခဲ့သည်။ တစ်နှစ်ထပ်၍အပြင်မှ ဖြေသည်။ တစ်ဘာသာကျ၍ စာမေးပွဲရှုံးခဲ့သည်။ သူနှင့်လက်ထပ်ဖြစ်သည်။ စရိုက်သဘာဝက ကွဲပြားသည်။ ကိုထက်ကစည်းကမ်းကောင်းသောမိဘအသိုင်းအ၀ိုင်းမှ ပေါက်ဖွားသည်သာမက စည်းကမ်းအလွန်ကြီးသော ဆရာတော်တပါးနှင့် အတန်ကြာအတူနေခဲ့ရသည်။ သူသည်အသားကျနေသော ကိုထက်စည်းကမ်းများကို မလိုက်နိုင်။ သူကဖတဆိုးသမီး။ တစ်ဦးတည်းမို့ မိခင်ဖြစ်သူက အလိုလိုက်ထားခဲ့ရာမှ ဘာဆိုဘာမှ မလုပ်တတ်၊ မကိုင်တတ်၊ ထမင်းဟင်းချက်နည်းများသင်ပေးရ၏။ အိမ်ထောင်ထိမ်းသိမ်းမှုညံ့၏။ သောက်ရေပင် မှန်မှန်မဖြည့်။ ထမင်းမနပ်လိုက်၊ ပျော့လိုက်၊ ချိုးတူးလိုက်၊ ဘယ်ပစ္စည်း ဘယ်နေရာနှင့်သင့်သည်ကိုလည်းနားမလည်။ ထဘီလျှော်တုံးပေါ်မှာ မျက်နှာ သုတ်ပုဝါလျှော် လျှင် လျှော်သည်။ ဘုရားပန်း ၀ယ်လာပြီး မလဲဖြစ်၍ ညှိုးကုန်တတ်သည်။ ဟင်းချက်စရာသားငါးတွေ အလွယ်ထားပြီးဟိုဟိုဒီဒီထွက်လို့ ကြောင်စားသည်လည်းရှိ၏။ ခွေးဆွဲသည်လည်းရှိ၏။ ဈေးတစ်ခါထွက်ဝယ်
လျှင် တည်ထားခဲ့သော ထမင်းအိုးကိုမေ့တတ်သည်။ ထီး၊ ဖိနပ်ပျောက်သည်မှာ ခဏခဏ၊ ကြာတော့ ကိုထက် စိတ်မရှည်။ ပြောမိဆိုမိရာမှ ပြန်ပြောသဖြင့် ရိုက်မိ၊ အိမ်ပေါ်မှဆင်း၊ လိုက်ပြီး ချော့ခေါ်ရ၊ စီးပွားပျက်၊ တော်တော်အဆင်မပြေခဲ့။ သားသမီးများရလာသောအခါတွင်လည်းမပြုစု၊ မစောင့်ရှောက်တတ်။ ထိုသားသမီးများကို မိခင်တပိုင်းပြုစုစောင့်ရှောက်ခဲ့ရသည်မှာ ကိုထက်သာ။ စိတ်ဆိုးရန်ဖြစ်ကြသည့်အခါ ကလေးတွေနှင့်ကိုထက် ကသီကရွဲ ကျန်ခဲ့သည့် အကြိမ်များ ကလည်း မနည်းတော့။ နောက်ဆုံးအိမ်ပေါ်ကဆင်းတိုင်း စီးပွားရေးထိခိုက်ရ၊ မိမိမှာလည်းစိတ်ထိခိုက်ခဲ့ရ၊ စိတ်ဝေဒနာများစွဲကပ်ခဲ့ရဖြစ်သည်မို့ သည်တစ်ခါဆင်းလျှင် လိုက်မခေါ်တော့ဟုကြေညာထားရတော့သည်။
အဆိုးဆုံးသဘောထားကွဲလွဲမှုမှာ စာအုပ်တိုက်နှစ်ခုမှ ထုတ်ဝေရန် စရံပေးပြီး ၀ယ်ယူထားသောစာမူများ မထုတ်ဖြစ်တော့၍ ပြန်ယူခဲ့ရာ ရှဲဒိုးဝယ်မည့်သူက ပေါ်လာသည်။ သူကရောင်းလိုသည်။ ကိုထက်ကမရောင်းချင်။ ဘ၀နှင့် ရင်းထားရသော စာမူများကို ရင်သွေးပမာ သဘောထားသည်။ အလကားလည်းမပေးလို။ ငွေဖြင့်လည်းမရောင်းနိုင်။သည်မှာပင် သဘောထား အကြီးအကျယ်ကွဲပြီး ကိုထက်စာပေကိစ္စများကို သူပစ်ပယ်လေတော့သည်။ ယခင်ကလို စာမူဖတ်ပေးခြင်း၊ မအားလပ်သည့်အခါ ဘေးမှ စာဖတ်ပြခြင်းများ မပြုတော့သည့်အပြင် စာပေကိစ္စ စကားစလျှင်အနားမှ ထသွား၏။ အသုံးလိုသည့်အခါ ဆွဲသုံးရန် အကြမ်းရေးခြစ်ထားသောစာမူများကိုပင် ပိဿာချိန်ဈေးဖြင့် ရောင်းစားတတ်ခဲ့လေပြီ။ထိုမိန်းမကို ကိုထက်စိတ်နာလာသည်။ သူကလည်း ကိုထက်ပြုသမျှ အကောင်းမထင်တော့။ နောက်ဆုံးဥပုဒ်စောင့်၊ တရားစခန်းဝင်သည်ကိုပင် ဘာအကူအညီမှ မပေးတော့။ ထိုသို့ နှင့်စိတ်ဝမ်းကွဲစရာတွေ တစ်စတစ်စနှင့် တစ်စများပြီးအဖုအထစ်တွေ ပြည့်လာသည်။ သို့ နှစ်ဦးစလုံးက အတူနေထိုင်ရန် မလိုလားတော့။ သို့ ဖြင့်အိမ်ထောင်ရေး ပြိုကွဲတော့မည်ကိုကဲ့သို့  အကြိမ်ကြိမ်ဖြစ်ခဲ့သည်။ ကလေးများကို ငဲ့ညှာရသည်မို့  အိမ်ထောင်ရေးပြိုကွဲမည်ကို ကိုထက်မလိုလား။ယတြာချေသည့် သဘောဖြင့် ခွဲနေကြသည်။ သူနှင့်ကလေးများက အင်းတကော်မှာ ကိုထက်က ရန်ကုန်မှာနေသည်။ မိသားစု တစ်ပတ်တစ်ခါဆုံ၍ အိမ်ထောင်ရေးသာယာမှုကို ရယူကြသည်။ နီးတကျက်ကျက် ဝေးတသက်သက် ဆိုသကဲ့သို့ ရှိလိမ့်မည်ဟု ကိုထက်မျှော်လင့်သည်။သို့ သော်သူကတပတ်တခါ ပြန်ဆုံသောလင်သားကိုဂရုမစိုက်၊ သူ့ ဘာသာရေးအသင်းများနှင့် ဓမ္မစင်္ကြာသွားရွတ်နေခြင်း ကျောင်းဝေယျာဝစ္စသွားလုပ်နေခြင်း သူ့ လိုအပ်ချက်(ကိုထက်မတတ်နိုင်သည်များ) ကိုမရ၍ စိတ်ကောက်ပြီး တခြားအိမ်တွင်  သွားအိပ်နေခြင်း  များပြုလုပ်နေခဲ့သည်။ ကိုထက် အိမ်ပြန်ရသည်မှာ လွယ်ကူသည်တော့မဟုတ်ပါ။ ကားအခက်အခဲနှင့်အချိန် မလုံလောက်မှုများကြားမှ ဆိုင်ပိတ်ရက်တစ်ပတ်တစ်ရက်ကို အသုံးချပြီး ပြန်ရခြင်းဖြစ်၏။ သူကလွယ်လွယ်တွေးနေသဖြင့် “ငါပြန်လာရတာလွယ်တာမဟုတ်ဘူး ဒီအတိုင်းလုပ်နေရင်ငါပြန်မလာတော့ဘူး၊ ငွေပဲပို့ ပေးမယ်” ဟုပြောဆိုမိ၏။သူသည်ဂရုမစိုက်၊ ဆိုးမြဲဆိုး၍ နေလေသည်။ မိသားစု မပြိုကွဲေ စလို၍ ပြုပြင်ရန် တောင်းပန်သော်လည်း သူကမပြုပြင်။ကိုထက်သည်သူ့ အပေါ်များစွာ စိတ်ပျက်မိသည်။ သို့ သော်သူမရှိလျှင် သည်ကလေးများ ပြုစုမည့်သူမရှိ။ ကလေးများမှာလည်း မိခင်၏ရင်ငွေ့ ကိုလှုံရမည်မဟုတ်။ သူ တို့ လေးတွေဘ၀နာချေတော့မည်ဟုတွေးမိရာ ကွဲကွာဖို့ ခက်၏။ ဆရာဦးရန်အောင်ဖွဲ့ ဆိုသော ၀တ္ထုတိုလေးမှဖခင်ကြီးသည် ကိုထက်အတွေးတွင် ပေါ်လာပြီး “ကျုပ်ကိုကြည့်စမ်းပါ- မိတ်ဆွေ” ဟုပြောနေသယောင်လည်းရှိ၏။ ဤသို့ ဖြင့်ပင် မိမိဘ၀ကို အနစ်နာခံပြီး ကလေးများအရေးကို ရှေ့ တန်းတင်ခဲ့ရလေတော့သည်။

ကိုထက် ထက်ဆိုးသော ဖခင်တစ်ဦးကိုလည်း တွေ့ ဖူးသေး၏။ ထိုဖခင်ကြီးကား ကျောင်းဆရာ လူထွက်ကြီးလည်းဖြစ်၏။ သားသမီး ငါးယောက်ရှိ၏။ သားတစ်ယောက်၊ သမီးလေးယောက်ဖြစ်၏။ သူ၏ဇနီးမှာ ရုပ်ရည်ချောမောလှပ၏။ ရွှေ၊ငွေ၊လက်ဝတ်ရတနာအမြဲဝတ်၍ ၀တ်ကောင်းစားလှတို့ ဖြင့် သနပ်ခါးဖုံနေအောင် လိမ်းခြယ်ပြီး ပွဲလမ်းသဘင်တို့ ကို   တစ်ကိုယ်တည်း               လှည့်လည်တတ်၏။
သူသဘော ကျသော ငယ်ရွယ်သူယောင်္ကျားသားလေးများနှင့် တွေ့ လျှင် လေးငါးလ လိုက်သွားတတ်၏။ ပစ္စည်းများ ကုန်သောအခါ အိမ်ပြန်လာ၏။ သူအကြိမ်ကြိမ်ပြုလုပ်သော်လည်း သူ့ လင်ယောင်္ကျားဖြစ်သူကျောင်းဆရာဟောင်းကြီး လက်ခံမြဲ၊ ခွင့်လွှတ်မြဲ၊ သူကပြောသည်မှာ- “လက်မခံရင်ကလေးတွေ အမေခေါ်စရာမရှိမှာ စိုးလို့  သူပြန်လာနေသမျှ လက်ခံနေရမှာပဲ” ဟူသတည်း။
ကိုခဲ ကသူ့ မိန်းမနှင့်ပတ်သက်သည်များကို ဆက်ပြောနေခိုက် ကိုထက်အတွေးထဲ ဆရာဦးရန်အောင်၏ အဖေ နှင့် ကျောင်းဆရာလူထွက် ဖခင်၊ ပြီးတော့ သားတို့ သမီးတို့ ရဲ့ အဖေ(ကိုထက်) အကြောင်းရောက်သွားခဲ့သည်။ လက်မှလည်း မော်တာကိုင်ကာ အမျိုးသမီးလေး၏ ဆံပင်ကို တတ်နိုင်သမျှ ပြောင်စင်အောင် ထိုးပေးနေမိ၏။ ပြီးဆုံးသောအခါ ကိုခဲက ……..
“အကိုရေ……..ကျွန်တော်ကတော့ သားသမီးလေးတွေကိုလည်းချစ်၊ မိန်းမကိုလည်းချစ်လို့  တစ်နေ့ တစ်ထောင်နဲ့ မလောက်ရင် နှစ်ထောင်ရှာပေးမယ်။ ခု……….ဒီလထဲမှာ မလေးကိုသွားတော့မယ်။ ဒါကြောင့် သူ့ ကိုပြောရတယ်။ ငါကရှေ့ ကရှာပေးမယ်။ မင်းကနောက်ပိုင်းက လုံအောင်တာဝန်ယူ ကလေးတွေတာဝန်ကို မလစ်ဟင်းစေနဲ့ ၊ သူ့ အကောင်နဲ့ သွားတွေ့ တာ ကျွန်တော်ဒီကိုပြန်ခေါ်ခဲ့တာဗျာ။ သူ့ အကောင်ကလည်း အားမကိုးလောက်ပါဘူး။ ယောင်္ကျားလေးကတော့ ရရင်ဘယ်ငြင်းမလဲ။ သူ့ ကောင်က အလုပ်သမား၊ သူ့ ဆိုင်ရှင် ကပြောလိုက်တယ်။ ခင်ဗျားမိန်းမ ခင်ဗျားနိုင်အောင်ထိန်းတဲ့ ဟုတ်တယ်လေ ကျွန်တော်ထိန်းရမှာပဲ ကျွန်တော့်မိန်းမကျွန်တော်ချစ်တယ် ကလေးတွေကိုလည်း မိထွေးနဲ့ မနေစေချင်ဘူး ဒါကြောင့်သူ့ ကိုအမုန်းခံပြီးချစ်တာ သူကျွန်တော်ကို မုန်းလို့ သတ်လဲ ကျွန်တော်သေရဲတယ် ကလေးတွေကိုတော့ အမေရင်းနဲ့ ပဲနေစေချင်တယ်”
“ဟုတ်သားပဲကွယ် ညီမကလဲကိုယ့်သားသမီးလေးတွေမျက်နှာထောက်ဦးမှပေါ့ အကြီးဆုံးမလေးက ဆယ်တန်းတောင်ရောက်ပြီဆို ကလေးတွေမျက်နှာငယ်ကုန်မှာကိုစဉ်းစားဦး”
“ကျွန်တော်ကသွားတွေ့ ချင်လည်းတွေ့ သူကမှမပြတ်နိုင်တာ ဒါပေမဲ့ အချိန်နဲ့ အခါနဲ့ သွား ကလေးတွေ ၀တ္တရား မပျက်စေနဲ့ လို့ ပြောသားပဲ”
“အေးကွယ် ဒီလိုလင်သားမျိုး ရှာကြည့်ပါဦး သဘောထားသိပ်ကြီးလွန်းပါတယ် တို့ တော့စိတ်ထားသေးသိမ်တယ်ပြောချင်ပြော ဒီလောက်ထိ သဘောထားမကြီးနိုင်ဘူး ဒီကိစ္စမျိုးဆိုတာ တစ်ရာမှာ တစ်ယောက်တောင် ခွင့်လွှတ်နိုင်ခဲကြပါတယ် သူ့ ဘက်ကကောင်းတော့လည်း ကိုယ့်ဘက်က နားလည်သင့်ပါတယ်”  ထိုအမျိုးသမီး ဘာမှမပြောတော့။ ခေါင်းငုံ့ ၍သာငြိမ်နေပါတော့သည်။
ကိုထက်သည် ဦးထုပ်တစ်လုံးအပိုရှိသည်နှင့် သူ့ ဦးခေါင်းပြောင်ပြောင်ကြီးကို စွပ်ပေးလိုက်၏။
“သွားကြတော့…………….ယူသွားတော့”နှစ်ယောက်သားမနှေးမမြန် မှန်မှန်ထွက်သွားကြလေသည်။
ကိုထက်မှာ         သူတို့ နောက်ကျောပြင်များကိုကြည့်ရင်း  ရင်မှာ လှုပ်ခတ်၍ ကျန်ခဲ့ပါသည်။
ကိုထက် သားသမီးများ မျက်နှာကြောင့် သူတို့ အမေကိုမကွဲကွာချင်သော်လည်း တစ်နေ့ တွင်ကွဲဖြစ်အောင်ကွဲခဲ့ရ၏။ သဘောထားကွဲလွဲမှုမှာ အိမ်ထောင်သည်သားသမီးများကို ပညာသင် အရင်းအနှီး တတ်နိုင်သမျှ ထုတ်ပေးထားပြီးပါလျှက် မကျန်းမာသောကိုထက် ရှာထားသည့် ငွေကြေးများဖြင့်ထောက်ပံ့နေစေချင်သည်။ သူတို့ အရွယ်ရောက်ပြီးလုပ်စားတတ်အောင် စီစဉ်ပေးထားပါလျှက် သူတို့ ပေါ့လို့ မသုံးလောက် မစားလောက် ဖြစ်နေကြသည်ကို ကိုထက်က တာဝန်ယူပေးရဦးမည်ဆို၏။ ကိုထက်က လက်မခံ။ သူတို့ က အရွယ်ရောက်သည်နှင့် မိဘကိုပြန်မကြည့်တော့ဘဲသူတို့ လုပ်ချင်ရာလုပ်ကုန်ကြ၏။    သူတို့ ကိစ္စကြောင့်လင်မယားချင်း ပြဿနာ
တက်သည်။ အိမ်ဆောက်ရန် စုဆောင်းထားသော ရွှေစ၊ ငွေစလေးများကို ယူ၍အိမ်ပေါ်မှ ခိုးဆင်းသွားကြသည်။ ကိုထက်ကို အိပ်ဆေးခပ်ခဲ့သည်။ တစ်လခန့် ကြာမှပြန်လာသည်။ ပစ္စည်းတွေပြန်တောင်း၍ မရတော့။ သူတို့ အတွက် အိမ်ဆောက်ပေးမည့် ပစ္စည်းများကိုဖြိုဖျက်သည်မှာ သူတို့ ကိုယ် သူတို့ ဖျက်ခြင်း။ ကွာခိုင်း၍ကွာပေးလိုက်သည်။ ကိုထက်မှာ ကျန်သည့်ပစ္စည်းလေးနဲ့ သူယူသွားသည့်ပစ္စည်း အတူဖြစ်၍ ကြိုက်တာယူ ဆိုတော့ သူယူပြီးသား ပစ္စည်းဘဲယူမည်ဆိုကာ ပစ္စည်းခန်းဖြတ်လိုက်သည်။ လင်မယားကွဲပြီးသော်လည်း လက်လွတ်ကုန်ပြီဖြစ်တဲ့ ကလေးများ အမေခေါ်စရာမရှိဖြစ်မည်ကို စဉ်းစား၍ နေစရာအိမ်တလုံးဖြစ်အောင်ဆောက်ပေးလိုက်ရ၏။ ရံဖန်ရံခါ ငွေလိုလျှင်       ကလေးများမှ တဆင့် ပေးရသေး၏။   ဒီထက်တော့ ကိုထက်        မကောင်းနိုင်။
အဖေဖြစ်ရသော ဘ၀တွင် ဗိုက်ထဲမှ မွေးမထုတ်ရသောကြောင့် သားသမီးများအပေါ် ကျေးဇူးမကြီး ဟုတွက်၍ရမည်လော။ ၀မ်းနဲ့ မလွယ်ခဲ့ရသော်လည်း ရင်သွေးများဖြင့်ရင်းခဲ့ရသော ဖခင်များသည်လည်း ရင်သွေးလေးများကို သူတို့ တတ်နိုင်စွမ်းသည်ထက်ပို၍ မေတ္တာကြီးမားလှသည်ကို စဉ်းစားသင့်လှပေတော့သည်။
(မန္တလေးသား စာရေးဆရာကြီးတစ်ဦး၏ စာပေဆောင်းပါး ခေါင်းစည်းနှင့်ဤ၀တ္ထုခေါင်းစည်း ဆင်တူယိုးမှားဖြစ်နေသည်ကို ခွင့်လွှတ်ကြပါရန်…………….)
၈-၉-၂၀၀၂
ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း အမြင့်ဆုံး အမိုးအောက်က အရိပ်များ ဘ၀ရသ၀တ္ထုတိုစုစည်းမှု စာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment