Saturday, June 8, 2013

အိမ်ကလေး မခိုင့်တခိုင်


ခပ်ညံ့ညံ့ လူနေ အိမ်ကလေးတောင်
ကောင်းကောင်း မဆောက်တတ်တော့
ဘ၀နေ အိမ်ကြီးကို
ပီပီပြင်ပြင် ဆောက်ဖို့ ကျ
ပိုခက်ခဲပြီပေါ့ကွယ်။

နှစ်ကိုယ်စာ အချစ်အိမ်ကလေး
တည်ဆောက်ခဲ့ချိန်ဟာလည်း
ဘ၀တစ်ဝက် သက္ကရာဇ်တွေနဲ့ အမျှပါဘဲ.....
အိမ်ကလေးလှုပ်ယိုင်ယိုင် မခိုင့်တခိုင်မှာ
ဧည့်သည်တွေ(ရင်သွေးငယ်တွေ)ကလည်း
ဆယ့်ခြောက်နှစ်၊ အနှစ်နှစ်ဆယ်ကျော်
နေသွားကြသေး
အဲဒီထဲမှာ ကြွေးရှင်တွေလည်း ပါလေတော့
မရှိ ရှိတာလေး ထိုးဆပ်ခဲ့ရပေါ့။

ခုတော့.........အိမ်ကလေးလည်း
လေအတိုးမှာ ယိုင်လဲပြိုကွဲ
ကျားကန်လို့ ပင် မရတော့
မြေပေါ် ဘုံးဘုံးလဲပေါ့
ဘာများ .....ဘာများ......တတ်နိုင်ဦးမှာလဲလေ။ ။

ရေးသားသူ။ ။မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြသည်။

No comments:

Post a Comment