Wednesday, June 5, 2013

အမေ့ပုံရိပ်နှင့်အတူ


အမေ့ပါးပေါ်က အရေပြားအတွန့် တွေဟာ
သားအတွက် ပန်းချီကောက်ကြောင်းလှလှလေးတွေပါပဲအမေ။
အမေ့ခေါင်းပေါ်က ငွေရောင်ဆံပင်တွေဟာ
အမေ့နှလုံးသားပိုပြီးဖြူစင်လာတဲ့ လက္ခဏာတွေလို့ 
သားမြင်ပါတယ်။
အမေ့မျက်လုံးတွေ မှုန်နေကြပေမယ့်
အမေ့ရဲ့ အသိဥာဏ်တွေ ပိုပြီးကြည်လင်လာပြီလို့ 
သားထင်ပါတယ်။

အမေ့ခါးကိုင်းလာတာလည်း ဗုဒ္ဓရှင်တော်မြတ်ကို ပူဇော်ဖို့ 
အသင့်ဖြစ်နေတာပေါ့။
အမေ့နားထိုင်းလာတာကြောင့် အကုသိုလ်ဖြစ်မဲ့အသံတွေ
မကြားရတော့ဘူးပေါ့။
အမေ့ရဲ့ အပြုံးတွေဟာလည်း
အပျိုစင်ဘ၀ကလို လှသွေးကြွယ်တော့မှာ မဟုတ်ပေမဲ့
အေးမြငြိမ်းချမ်းပါဘိတော့တယ်
အမေရယ်..................။
 


ရေးသားသူ။ ။ မြသန်းလင်း
မြသန်းလင်း သစ်ပင်ငယ်တစ်ပင်၏ဖူးပွင့်ခြင်း ကဗျာစာအုပ်မှကူးယူတင်ပြပါသည်။

No comments:

Post a Comment